Tuesday, October 12, 2010

အာဂါရိကဓမ္မပါလ- ဗုဒ္ဓဂယ- မိဂဒါဝုန်

မဟာသဒ္ဓမ္မဇောတိကဓဇ
တက္ကသိုလ်သျှင်သီရိ (ဓမ္မာစရိယ ဘီအေ)

သီဟိုဠ်နိုင်ငံသည် နှစ်ပေါင်းသုံးရာကျော် ကျွန်ဘ၀သက်ရောက်ခဲ့ရပြီး နယ်ချဲ့ ဦးခေါင်း သုံး ကြိမ်ပြောင်းအုပ်ချုပ်ခံခဲ့ရသည်။ ပထမ ပေါ်တူဂီ ဒုတီယ ဒတ်(ခ်ျ)၊ တတိယ အင်္ဂလိပ်တို့ဖြစ်သည်။

နယ်ချဲ့သုံးဦးစလုံးသည် သီဟိုဠ်နိုင်ငံ၏ ဗုဒ္ဓဘာသာကို နှိပ်ကွပ်ပြီး လုံးပါးစေသည်။ ယဉ် ကျေးမှုကို မှေးမှိန်စေခဲ့သည်။ အမျိုးသားစီးပွားရေးနှင့် ဇာတိမာန်စိတ်ကို ကျစေခဲ့ရပါသည်။
နယ်ချဲ့သုံးဦးတို့၏ ဆက်တိုက်ဖိနှိပ်မှုကြောင့် နိမ့်ကျနေသောနိုင်ငံ၏ ဘာသာရေးနှင့် ယဉ် ကျေးမှု တစ်ဖန်နလံထူနိုင်ရန် ဦးဆောင်နိုင်သော ခေါင်းဆောင်ကောင်းတစ်ယောက်လိုနေသော အချိန်ကာလဖြစ်သော ၁၈၆၄- ခု၊ စက်တင်ဘာလ၌ သီဟိုဠ်နိုင်ငံ၊ ကိုလံဘိုမြို့ နှင့် မလှမ်းမကမ်းရှိ (Hewavitanme) ဟီဝါ၀ီတာမီရွာမှ မြေပိုင်ရှင်မိသားစုသားကောင်းတစ်ယောက်မွေးဖွားလာခဲ့သည်

ထိုစဉ်က ခရစ်ယာန်ဘာသာ ကြီးစိုးနေသော ခေတ်အခါကာလဖြစ်နေ၍ ဗုဒ္ဓဘာသာကို ကြံ့ ကြံ့ခိုင်၍ စောင့်ရှောက်နေကြသော အနာဂါရိက ဓမ္မပါလ၏ မိဘများသည် သူတို့၏သားများကို -Edmond Hewavitanme
-Charles Hewavitanme
-simon Heawitanme ဟူ၍ သား(၃) ဦးကိုခရစ်ယာန် နာမည်များ ရှေ့ကထား၍ မှည့်ထား ရသည်။

အနာဂါရိကဓမ္မပါလ၏ မိဘများသည် သီဟိုဠ်၌ ထင်ရှားသော အရှင် သိရိသုမင်္ဂလာ၏ မထေရ်ကို ကိုးကွယ်ကြသည်။ ထို မထေရ်အတွက် ၀ိဇ္ဇောဒယပရိဝေကာဟူသော ကျောင်းကြီးကို လည်း ဆောက်လုပ်လှူဒါန်းထားကြသော ကျောင်းဒါယကာများဖြစ်ကြသည်။

အနာဂါရိက၏ မိခင်မလ္လိကာသည် အိမ်ထောင်ကျစဉ်ကတည်းက သားဆုတောင်းခဲ့သည်။ ငါးပါးသီလကို ငယ်စဉ်ကပင် စောင့်ထိန်းမြဲခဲ့သည်။ သားမဖွားမီ လပြည့်နေ့တိုင်း ဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာကို ၀တ်မပျက်ရွတ်ခဲ့သည်။ မွေးဖွားလာသော သားသည် သီဟိုဠ်သာသနာကို ပြု ပြင်နိုင်သူ ဖြစ်ပါစေဟု ဆုတောင်းခဲ့သည်။ သားလေးအနာဂါရိက မွေးလာသောအခါ ခရစ်ဟာန် ဘာသာအရ ဒေဗစ်ဟူ၍ အမည်ပေးခဲ့ရသည်။

သို့သော် ကျောင်းနေချိန်ရောက်သောအခါ ခရစ်ယာန်တို့ သာသနာပြုကျောင်းသို့ သွား ရောက် ပညာသင်ကြားရ၍ ထိုခေတ်အခြေအနေအရ မလွန်ဆန်နိုင်၍ ခရစ်ယာန် ဘုရားရှိခိုးရခြင်း၊ ခရစ်ယာန်သမ္မာကျမ်းစာကို သင်ရခြင်းများပြုရသည်။
ဒေးဗစ်သည် အလွန်ဉာဏ်ကောင်းသဖြင့် အသက်(၁၄) နှစ်အရွယ်တွင် ခရစ်ယာန်သမ္မာ ကျမ်းစာကို အလွတ်ရသည်။ အင်္ဂလိပ်ဘာသာလည်း အလွန်ကျွမ်းကျင်စွာ တတ်မြောက်သဖြင့် ခရစ်ယာန် ဆရာကြီးများ ခရစ်ယာန် သာသနာပြန့်ပွားအောင် ဒေးဗစ်စွမ်းဆောင်နိုင်လိမ့်မည်ဟု ထင်မြင်ယုံကြည်အားထားကြသည်။

ခရစ်ယာန်တို့၏ သာသနာပြုကျောင်းတွင် နေစဉ်အတွင်း ဒေးဗစ်သည် နံနနက် (၆) နာရီ တွင် ဘုရားရှိခိုးရသည်။ အခန်းထဲတွင် သမ္မာကျမ်းစာကို ဖတ်ရသည်။ ဒေးဗစ်သည် ထိုအလုပ်များ ကို မနှစ်သက်ရွံရှာစွာဖြင့် ပြုလုပ်ခဲ့ရသည်။

ဒေးဗစ်သည် ခရစ်ယာန်ကျောင်းတွင် နေစဉ် သူများမသိအောင် သစ္စာလေးပါးတရားကို အ များမသိအောင်ဖတ်ခဲ့သည်။ ဤစာအုပ်မျိုးကို ဆရာက တွေ့လျှင် ချက်ချင်းယူလွှင့်ပစ်သည်။ ဤ မျှ ဘာသာရေးကို ဖိနှိပ်သည်။

ဒေဗစ်က ဥပုသ်နေ့ကျောင်းမတက်၊ ဥပုသ်စောင့်သည်။ ခရစ်ယာန် ဆရာများကကျောင်းမတက်၍ ကျောင်းမှထုတ်ပစ်မည်ဟု ပြောသော်လည်း ဂရုမစိုက်ချေ။

ကဆုန်လပြည့်နေ့ တစ်နေ့တွင် ကျောင်းမတက်နိုင်ကြောင်း ခွင့်တောင်းရာတွင် ခွင့်မပေးချေ။ ဒေး ဗစ်သည် ခွင့်မရသော်လည်း ထို့နေ့၌ လုံးဝကျောင်းမတက်ဘဲ ကျောင်းမှတိတ် တဆိတ်ပြန်ခဲ့သည်။ ကျောင်း သို့ ပြန်ရောက်သောအခါ အရိုက်ခံရသည်။ ဤကဲသို့ အရိုက်ခံရသည်မှာ တစ်နှစ်ထဲမဟုတ်၊ နှစ်စဉ်လိုပင် ဖြစ်သည်။ ထိုအကြောင်းကို ဒေးဗစ်သည် စိတ်ထဲတွင် စွဲမှတ်ကျန်ရစ်နေခဲ့သည်။

ထိုအချိန်တွင် သီဟိုဠ်သို့ ရောက်ရှိနေသော ကာနယ်အောလကော့က ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ကဲ့ သို့သော နေ့ထူးနေ့မြတ်တွင် ကျောင်းမတတ်ဘဲ ဥပုသ်စောင့်သော ဒေးဗစ်ကို ကျောင်းအုပ်က ရိုက်နှက်ခြင်း ကိစ္စနှင့် ပတ်သတ်၍ သီဟိုဠ်ဘုရင်ခံထံ တင်ပြခဲ့ရာ ဘုရင်ခံက အရေးမစိုက်ဘဲထား၍ ကာနယ်အော် လကော့က အင်္ဂလန်ရှိ ၀ိတိုရီးယားဘုရင်မကြီးထံ ဆက်လက်တင်ပြသည်။ ၀ိတိုရီးယားဘုရင်မကြီးက လက် ခံသဖြင့် သီဟိုဠ်တွင် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ တစ်တိုင်းပြည်လုံး ကျောင်းပိတ်ခွင့်ရခဲ့သည်။

ကာနယ်အောလကော့ သီဟိုဠ်ရောက်ပြီး ပိယရတနာကျောင်းတိုက်၌ ကြိုဆိုပွဲလုပ်စဉ် ကာနယ် အော့လကော့က မိမိဗုဒ္ဓဘာသာကို စိတ်ဝင်စားလာပုံနှင့် အမေရိကန်၌ သီအိုဆိုဖီအသင်း ထူထောင်ခဲ့ပုံတို့ ကို ရှင်းလင်းဟောပြောပြရာ ထိုကြိုဆိုပွဲတွင် (၁၄) နှစ်မျှသာ ရှိသေးသော ဒေးဗစ်လေးသည် သူ၏ဖခင်၊ ဦး လေးတို့နှင့်အတူ တက်ရောက်နားထောင်ခဲ့သည်။ ကာနယ်အော့လကော့၏ ဆွဲငင်အားရှိသော မိန့်ခွန်းပြော ဟန်ကို ဒေးဗစ်သည် အလွန်သဘောကျခဲ့သည်။ စိတ်ဝင်စားခဲ့သည်။

သီဟိုဠ်သည် အရှင်ဂုဏာနန္ဒနှင့် ကာနယ်အော့လကော့တို့၏ ဆောင်ရွက်မှုကြောင့် ခရစ်ယာန် ဘသာသည် ဦးကျိုး၍ ဗုဒ္ဓဘာသာသည် ဦးမော့လာခဲ့သည်။ ၁၈၃၃-ခုတွင် အရှင်ဂုဏာနန္ဒဦးစီး၍ဗုဒ္ဓဘာသာ ပွဲကျင်းပခဲ့သည်။ ထိုပွဲတော်တွင် ခရစ်ယာန်တို့က ယင်းတို့၏ ကျောင်းရှေ့က ဖြတ်မသွားရဟု တားမြစ် သောကြောင့် ဘာသာရေး အဓိကရိုဏ်းဖြစ်ပွားခဲ့ရသည်။ ဗုဒ္ဓဘာသာဘက်မှ လူအများအပြားဒဏ်ရာရခဲ့ သည်။

ဒေးဗစ်၏ ဖခင်သည် စိတ်နာပြီး ဒေးဗစ်ကို ခရစ်ယာန်ကျောင်းမှ ထုတ်ပစ်လိုက်သည်။ ထိုအချိန်က ဒေးဗစ်သည် (၁၀) တန်းပင် မအောင်မြင်သေးချေ။

၁၈၈၄- ခုနှစ်၊ အသက်(၂၀) ပြည့်ချိန်တွင် ဒေးဗစ်သည် ကာနယ်အော့လကော့တို့ တည်ထောင် သော သီအိုဆိုဖီအသင်း၌ အချိန်ပြည့် တာဝန်ထမ်းဆောင်ရန် မိဘတို့ထံ ခွင့်ပန်ခဲ့သည်။ ဖခင်ကလွယ်ကူစွာ ခွင့်ပြုခဲ့သော်လည်း မိခင်ကမူ ငါးပါးသီလနှင့် အဗြဟ္မစရိယသိက္ခာပုဒ်ကို စောင့်ထိန်းနိုင်လျှင် ခွင့်ပြုမည်ဟု ပြောခဲ့သည်။

ဒေးဗစ်ကလည်း စောင့်ထိန်းမည်ဟု ၀န်ခံကတိပြုခဲ့သည်။ ထိုနောက် အသင်းတိုက်၌ ဓမ္မ၀န်ထမ်း အနေဖြင့် နေထိုင်လုပ်ကိုင်ခဲ့သည်။

စားသောက်ရေးတွင် မိဘထံမှ အထောက်အပံ့ မယူလိုသဖြင့် အစိုးရ ပညာရေးဌာန တွင် တစ် ဘက်က အောက်တန်းစာရေးအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။

ထို့နောက် ဒေးဗစ်သည် ကာနယ်အော့လကော့နှင့် လက်တွဲ၍ ဗုဒ္ဓဘာသာ ပြန့်ပွားရေးကို ဆောင် ရွက်သည်။ ကာနယ်အော့လကော့၏ တရားပွဲတိုင်း စကားပြန်အဖြစ် ဆောင်ရွက်ခဲ့သည်။

သူ၏ဘ၀အတွက် သာသနာပြုလုပ်ငန်းအတွေ့အကြုံနှင့် သင်ခန်းစာများကို ကာနယ်အော့လကော့ ထံမှ အများအပြားရရှိခဲ့သည်။

၁၈၈၆- ခုတွင် ကာနယ်အော့လကော့တို့ နယ်စွန်နယ်ဖျားသို့ စည်းရုံးရေးတရားဟောကြားရန်အ တွက် သွားရောက်ရာတွင် ဒေးဗစ်သည် စကားပြန် နှင့်လည်းမောင်းအဖြစ်လိုက်ပါခဲ့သည်။ ဒေးဗစ် သည် အ ထက်အရာရှိ စာမေးပွဲဖြေဆိုပြီး (၃) လခွင့်ယူ၍ လိုက်ပါခြင်းဖြစ်ပါသည်။

ယင်းအချိန်တွင် မော်တော်ကားမရှိသေးသဖြင့် သွားလာရေးမှာ မလွယ်ကူချေ။ လှည်းကိုပင် အသုံး ပြုနေရသော ခေတ်ဖြစ်ရာ ဒေးဗစ်တို့သည် လှည်းကို နှစ်ဆင့်ပြုလုပ်ပြီး အပေါ်ထပ်တွင် အိပ်ရန်နှင့် အောက် ထပ်တွင် စာနပ်ရိက္ခာတင်ဆောင်ရန် စီမံထားသည်။

ထိုခရီးတွင် ကာနယ်အော့လကော့နှင့် အတူ အင်္ဂလန်နိုင်ငံသားတစ်ဦးပါလာခဲ့သည်။ ကာနယ်အော့ လကော့သည် သီဟိုဠ်သားများအား ဇာတိသွေားဇာတိမာန် ဘာသာသွေးတက်ကြွရန် အထူးအလေး အ နက်ထား၍ ဟောကြားခဲ့သည်။

ဤခရီးသည် ကာနယ်အော့လကော့တို့အတွက် ခရီးရောက်ခဲ့သလို ဒေးဗစ်အတွက်လည်း ခရီးအ တွေအကြုံများစွာရခဲ့သည်။ ဒေးဗစ်သည် ဂုဏ်သရေရှိ အထက်တန်းစားမျိုးရိုးမှ ပေါက်ဖွားလာသူဖြစ်၍ တောနေဆင်းရဲသား လူတန်းစားတို့၏ ဘ၀အခြေအနကို ယခင်က မသိခဲ့။ ယခုမှ သိခွင့်ရခဲ့သည်။
ဤခရီး၏ အကျိုးကျေးဇူးအနေဖြင့် ဒေးဗစ်အတွက် စကားပြန် လေ့ကျင့်ခွင့်ရရှိခဲ့သည့်အပြင် ကာ နယ်အော့လကော့၏ စကားလုံးသုံးဟန်တို့ကိုလည်း များစွာရရှိခဲ့သည်။

ထို့ကြောင့် နောင်အခါ အမေရိကန်သို့ သွား၍ ဗုဒ္ဓဘာသာအကြောင်းကို ဟောသောအခါ စကားလုံး ရှင်းရှင်းလင်းလင်းနှင့် အသုံးအနှုန်းပြောင်မြောက်မှုကြောင့် မည်သူမျှမယှဉ်နိုင်လောက်အောင် ဟောပြော နိုင်ခဲ့သည်။

တောနေဒေသမှ ပြန်ရောက်သောအခါ ဒေးဗစ်ကို အရာရှိရာထူးခန့်အပ်ရန် အသင့်ဖြစ်နေသည်။ သို့ သော် ဒေးဗစ်သည် ထိုရာထူးကို လက်မခံတော့ဘဲ သီအိုဆိုဖီအသင်း၌ တစ်ယောက်တည်းနေထိုင်လျက် အသင်း၏ လုပ်ငန်းများကို ဆောင်ရွက်ရန် ဆုံးဖြတ်ပြီးနေခဲ့တော့သည်။

မိဘများက အစက ရာထူးလက်ခံရန် အလုပ်လုပ်ရန် ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ဗုဒ္ဓ ဘာသာ စိတ်ဓာတ်ပြင်ထန်သူများပီပီ သား၏ ဆောင်ရွက်ချက်ကို မကန့်ကွက်တော့ချေ။

ဤအချိန်မှစ၍ အသင်းတိုက်တွင် အသင်း၏ အတွင်းရေးမှူးတာဝန်အပြင် တစ်ဦးတည်းနေထိုင်ကာ အသင်းထုတ် စာစောင်များတွင် ခေါင်းကြီးပိုင်း ရေးသားခြင်းမှအစ အသင်း၏တာဝန်ဟူသမျှကို တာဝန်ယူ လုပ်ကိုင်ဆောင်ရွက်နေတော့သည်။

ယင်းအချိန်တွင် မဒစ်ဘလာဗတ်စကီကို သမထလုပ်ငန်းသင်ပေးရန် တောင်ပန်းသည်။ မဒမ်ဘလာ ဗတ်စကီးက ဤလုပ်ငန်းလုပ်နေစဉ် သမထလုပ်ရန် မသင့်သောကြောင့် အထက်ဆရာကြီးများနှင့် တွေ့ရ သော တန်းခိုးဣဒ္ဓိပါဒ်ကို မသင်ချင်ပါနှင့်ဦး၊ ပါဠိကိုသာ သင်စေချင်လိုကြောင်း ပြောပြသည်။

သို့အတွက် ဒေးဗစ်သည် အသင်းတိုက်မှာ နေထိုင်ရင်း ဆရာရင်းဖြစ်သော အရှင်သုမင်္ဂလမဟာ ထေရ်ထံတွင် ပါဠိနှင့် သက္ကတစာပေများကို ပူးတွဲ သင်ယူသည်။ ဒေးဗစ်၏ ဉာဏ်ပညာနှင့် လုံ့လ၀ီရိယ ကြောင့် အိန္ဒိယရှိ သက္ကတပဏ္ဍိတ်ကြီးများပင် သူ၏ သက္ကတ နားလည်တတ်ကျွမ်းပုံနှင့် ရွတ်ဖတ်ပုံများကို အံသြယူခဲ့ရသည်။

နောက်ပိုင်းတွင် ဒေးဗစ်သည် သတိပဋ္ဌာန်နှင့် ၀ိသုဒ္ဓိမင်္ဂလာတရား အားထုတ်နည်းကို ပိုင်ပိုင်နိုင်နိုင် လေ့လာပြီး လက်တွေ့ကျင့်ကြံအားထုတ်ခဲ့သောကြောင့် ပရိယတ်ပဋိပတ်စွယ်စုံတတ်ပုဂ္ဂိုလ် ဖြစ်လာခဲ့ရ သည်။

ကာနယ်အော့လကော့နှင့် ဒေးဗစ်တို့တို့ ရဲရဲတောက်တောက်စွန့်စွန့် စားစား သာသနာပြုမှုကြောင့် သီဟိုဠ်၌ ဗုဒ္ဓဘာသာသည် ထွန်းတောက်လာပြီး ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့ ခဲ့ရသည်။

၁၈၈၉- ခု၊ ဇန်န၀ါရီလတွင် ဂျပန်နိုင်ငံမှ သီဟိုဠ်ရှိ သီအိုဆိုဖီအသင်းကို စိတ်ဝင်စားပြီး ဖိတ်ကြားခဲ့ သည်။ ကာနယ်အော့လကော့အဖွဲ့နှင့် အတူဒေးဗစ်လိုက်ပါသွားခဲ့ရသည်။

ထို့နောက် ဂျပန်မှ အပြန် ၁၈၉၁- ခု၊ ဇန်န၀ါရီလ (၂) ရက်နေ့တွင် ဂျပန်ဘုန်းတော်ကြီး(၃)ပါးနှင့် အ တူ ဗုဒ္ဓဂါယာသို့ ရောက်ရှိသောအခါတွင် ဒေးဗစ်သည် ထူးခြားစွာ ပြောင်းလဲသွားခဲ့သည်။

ဒေးဗစ်သည် အင်္ဂလိပ် ကဗျာဆရာကြီးအာနိုးရေးသားခဲ့သော အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာအကြောင်း ကို ဖတ်မိခဲ့သည်။ တစ်ချိန်က ဗုဒ္ဓဘာသာဝင်တို့ပိုင်ဆိုင်ခဲ့သော ဗုဒ္ဓဂါယာဒေသသည် သူရောက်ရှိနေသော အချိန်၌ ဟိန္ဒူဘုန်းကြီးများ၏ ပိုင်ဆိုင်အုပ်ချုပ်နေကြသဖြင့် အလွန်စိတ်မကောင်းစွာ ခံစားခဲ့ရကြောင်းကို ဆောင်းပါးရေးခဲ့သည်။ ထိုဆောင်းပါးကို ဖတ်ရကတည်းက ဗုဒ္ဓဂါယာကို သွားလိုသောဆန္ဒပြင်းပြခဲ့သည်။

ယခုမိမိတို့ ရောက်ရှိနေသော အချိန်တွင်လည်း အာနိုရေးသားထားသည့် အတိုင်းတွေ့ကြုံမြင်ခဲ့ရ သည်။ ဗုဒ္ဓဂါယာရှိ ဆင်းတုတော်ကြီးများ ပျက်စီးနေပြီး ကစဥ့်ကလျားဖြစ်နေသည့်အပြင် လှေကားရင်း၌သာ ထားရှိသည်ကို တွေ့ရသဖြင့် အလွန်စိတ်ထိခိုက်မိသည်။ အနီးအနားရှိ ဆင်းတုတော်များမှာလည်း ချိုးဖျက် ခံထားရသည်။

ဗုဒ္ဓဘာသာတို့ စောင့်ရှောက်မှုကင်းပြီး ဗုဒ္ဓဂါယာ၌ ဘာသာခြား မဟန္ထကီး၊ ဇော်ဂီ၊ ဟိန္ဒီ ဘုန်းကြီးကျောင်းများနှင့် သျှီဝဂိုဏ်းဝင် ဟိန္ဒူဗြဟ္မဏများသာ စိုးမိုးထားသည်။ ထို့ပြင် သျှီဝပိဿနိုး အထိမ်းအမှတ် ရုပ်ပွားတော်ကို နဖူးတော်မှ အဖြူအနီရေးကပ်ကာ ဗုဒ္ဓဂါယာစေတီတော်မှာပင် ထားရှိခြင်းစသော မနှစ်သက်ဖွယ်သော အကြောင်းအရာများကို တွေ့မြင်ရသောအခါ ဒေးဗစ်သည် အာနိုး၏စာကို ဖတ်ရသည် ထက်ပင် များစွာယူကြုံးမရခံစားမိလေသည်။

ထိုအခါ သူသည် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ဤအခြေအနေဆိုးတို့ကို ကာကွယ် စောင့် ရှောက်ရမည့်တာဝန်ရှိသည်ဟု စဉ်းစားမိသည်။ ထိုသို့ စဉ်းစားမိပြီး ဤဒေသတွင်နေရစ်ခဲ့ရန်နှင့် ကာကွယ်စောင့်ရှောက်မှုပြုမည်ဟု သိန္နိဋ္ဌာန်ချဆုံးဖြတ်ကာ ဂျပန်ဘုန်းကြီးများနှင့်အတူ ထိုဒေသမှာ ပင် အခြေချ နေထိုင်တော့သည်။

ဗုဒ္ဓဂါယာဒေသ၌ မင်းတုန်းမင်းလှူခဲ့သော ဇရပ်ရှိသည်။ ထိုဇရပ်၌ လမ်းပန်းဆက်သွယ်ရေး ကောင်း၍ သော့ကိုတောင်းယူ၍ ထိုဇရပ်မှာပင် နေထိုင်သည်။

၁၈၉၁-ခု၊ ဧပြီလ၊ ကဆုန်လပြည့်မတိုင်မီ နေ့တစ်နေ့တွင် မဟာဝဇိရ မည်သောနေရာ၌ ဘုရားဝတ်ပြုအပြီး အလွန်စိတ်ကြည်လင်နေသော ဒေးဗစ်သည် ဗုဒ္ဓကို အာရုံပြုပြီး ဗုဒ္ဓဂါယာကို စောင့်ရှောက်ပြီး အိန္ဒိယ၌ သာသနာပြုနိုင်ရန် အဓိဋ္ဌာန်ပြု ဆုတောင်းခဲ့သည်။

မဟိန္တတို့သည် လွန်ခဲ့သော နှစ်ပေါင်း(၃၀၀) ကျော်ကထဲ့က မွတ်စလင် ဘုရင်တို့မှစ၍ ဤဗုဒ္ဓဂါယာမြေများကို ပိုင်ဆိုင်ခွင့်ရထားကြသည်။ မဟန့်ဘုရင်ကြီးတို့က ဤမဟာဗောဓိစေတီမှ အုပ်များ၊ ရုပ်ထုများကိုယူပြီး မိမိတို့ကျောင်းတံတိုင်းကိုပြုလုပ်ထားသည်။

၁၈၉၁-ခု၊ မေလတွင် အနာဂါရိကဓမ္မပါလသည် မဟာဗောဓိအခြေအနေကို ကမ္ဘာအရပ်ရပ် က သိအောင် ကြော်ငြာမည်ဟူသော ရည်ရွယ်ချက်ဖြင့် သီဟိုဠ်သို့ပြန်လာခဲ့သည်။ သီဟိုဠ်သို့ ပြန် ရောက်သောအခါ လူထုအစည်းအဝေးကြီးကို ခေါ်ယူပြီး မဟာဗောဓိအသင်းကို ဖွဲ့စည်းတည် ထောင်သည်။ ဥက္ကဋ္ဌအဖြစ် မိမိ၏ဆရာ ၀ိဇ္ဇောဒယ ကျောင်းတိုက်ဆရာတော် သုမင်္ဂလကို တင် မြှောက်၍ အတွင်းရေးမှူးအဖြစ် အနာဂါရိကဓမ္မပါလက ဆောင်ရွက်သည်။ မိမိဆရာရင်းဖြစ်သော ကာနယ်အော့လကော့ကိုလည်း ဒါရိုက်တာလူကြီးအဖြစ်တင်မြှောက်ခဲ့သည်။

ဤအသင်းကြီး ပေါ်လာခြင်းသည် အိန္ဒိယပြည်တွင် ကွယ်ပျောက်လျက်ရှိသော ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားလာရန် ပထမဦးဆုံးသောလင်းရောင်ခြည်ဖြစ်သည်။

အနာဂါရိကဓမ္မပါလာသည် မဟာဗောဓိဂျာနယ်ကို ထုတ်ဝေကာ ဗုဒ္ဓဂါယာ အကြောင်းကို ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓဘာသာနိုင်ငံများက သိရှိအောင် စေ့ဆော်ရေးသားခဲ့သည်။ ဤအသင်းကြီး ကြောင့်နောင်တစ်ချိန်တွင် ဗုဒ္ဓဂယာသည် ဗုဒ္ဓဘာသာတို့ လက်ထဲပြန်ရောက်ခဲ့ရသည်။ အင်္ဂလန် နိုင်ငံ၌ ဘိက္ခုအာနန္ဒမေတ္တယျ ဆောင်ရွက်ခဲ့သော သာသနာပြုအသင်းကြီး အင်အားနည်းပြီး ပျက် စီးလုစကို ပြန်လည် အသက်ရှင်စေနိုင်ခဲ့သည်။

ထိုအချိန်က မဟန့်ဘုန်းကြီးသောမနာရာယန်ဂီးရ်သည် စိတ်နေသဘောထားကောင်း၍ ကြင်နာမှု အပြည်အ၀ရှိ၍ အာနာဂါရိကဓမ္မပါလကို ကူညီခဲ့သည်။ ကျောင်းဆောက်ရန် မြေတကွက် ပါ ပေးခဲ့သည်။ ထိုသဘောကောင်းသော မဟန့်ဘုန်းကြီးကွယ်လွန်သောအခါ ၁၈၉၂- ခု၊ ဖေဖော် ၀ါရီလ (၄) ရက်နေ့တွင် ကရိရှနားဒယာလ်ဂီးရ်က မဟန့်ရားထူးဆက်ခံသည်။ ထိုမဟန့် ဘုန်းကြီး က ဓမ္မပါလအပေါ် မလိုမုန်းထားစိတ်ရှိသည်။ ရန်လိုသည်။

မဟာဗောဓိအသင်းကြီးသည် သာသနာပြုကျောင်းများစွာ တည်တောင်ကာ သာသနာပြု ပုဂ္ဂိုလ် (ဓမ္မဒူတ) များကို ရွေးချယ်ကာ နိုင်ငံခြားဘာသာစကားကို သင်ကြားပေးသည်။ သင့်တင့် သော ပုဂ္ဂိုလ်များ ရွေးထုတ်စိစစ်၍ အင်္ဂလန်၊ ဂျပန်စသော နိုင်ငံများသို့ သာသနာပြုစေလွှတ်ပေးခဲ့ သည်။

အနာဂါရိကဓမ္မပါလသည် မဟာဗောဓိအသင်းကြီး အင်အားဖြည့်တင်းရန်နှင့် ကျယ်ပြန့်စေ ရန် ဗုဒ္ဓဘာသာနိုင်ငံများသို့ အကူအညီတောင်းခံခဲ့သည်။ မြန်မာပြည်သို့လည်းရောက်ရှိလာသည်။ မြန်မာပြည်မှ အိန္ဒိယတွင် သာသနာပြုရန် ရှင်သူရိယနှင့် ရှင်စန္ဒိမာ ကိုရင်နှစ်ပါးကို ဗုဒ္ဓဂယာသို့ ခေါ် ဆောင်သွားခဲ့သည်။

အနာဂါရိကဓမ္မပါလသည် သီဟိုဠ်မှ ဘုန်းကြီး(၄) ပါး၊ မြန်မာပြည်မှ ကိုရင်(၂) ပါးတို့နှင့် အတူ ၁၈၉၁- ခု၊ ၀ါဆိုလပြည့်နေ့တွင် ဗုဒ္ဓဂါယာသို့ ကြွသွားခဲ့သည်။ မင်းတုန်းမင်းဇရပ်၌ သီတင်း သုံးနေထိုင်ကြသည်။ အော့လကော့တီထွင် ခဲ့သော သာသာနာ့အလံ ဗုဒ္ဓဂယာ မဟာဗောဓိတွင် စ တင်လွှင့်ထူခဲ့သည်။

ထို့နောက် ဓမ္မပါလသည် သီဟိုဠ်ဘုန်းကြီး(၄) ပါးနှင့် အတူ မဟန့်ဘုန်းကြီးထံသွားပြီး ဗုဒ္ဓ ဂယာမြေ၀ယ်ရန် စကားကမ်းလှမ်းခဲ့သည်။ ထိုအချိန်က ဓမ္မပါလသည် သာသနာအတွက် ဇွဲလုံ့လ နှင့် သဒ္ဓါတရားအားကောင်းသော ရဲရဲတောက်တောက် သာသနာပြုစိတ်ဓာတ်ရှိနေသော်လည်း ငွေ ကြေးအားဖြင့် ပြည့်စုံသူတစ်ယောက်မဟုတ်ပါချေ။ အိန္ဒိယတွင် ဒုတိယအချမ်းသာဆုံးစာရင်းဝင် သည့် မြေပိုင်ရှင် မဟန့်ဘုန်းကြီးနှင့် တွေ့ဆုံသောအခါတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်လိမ့်မည် ဟု မျှော်လင့်မထားမိခဲ့ချေ။

ပထမ မြေတစ်ကွက်ပေးမည်ဟု စကားကမ်းလှမ်းထားမှုတွင် ယခု သီဟိုဠ်ဘုန်းကြီးတွေပါ လာ၍ မဟန့်ဘုန်းကြီးက ပေးလိုသော စိတ်မရှိတော့ချေ။ ကတိဖျက်ပစ်လိုက်သည်။

အရေးပိုင်ဆိုသူကလည်း ယခင်က အကူအညီပေးမည်ဟု ကတိပေးခဲ့သော်လည်း ယခု အခါတွင် အပြောင်းအလဲပြောင်းသါားသည်။ အရေးပိုင်က သီဟိုဠ်ပြန်ပြီး ဗုဒ္ဓဂယာမြေ၀ယ်နိုင်ရန် ကြိုးစားပါဟူ၍သာ တိုက်တွန်းခဲ့သည်။

ထို့ကြောင့် အနာဂါရိကဓမ္မပါလသည် မဟာဗောဓိမြေကြီးကို ဗုဒ္ဓဘာသာလက်ထဲ ပြန် ရောက်ရန်အတွက် နည်းလမ်းမျိုးစုံနှင့် ကြိုးပမ်းသည့် အနေဖြင့် ၁၉၈၁- ခု၊ အောက်တိုဘာလတွင် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်တစ်ရပ်ကို ဗုဒ္ဓဂယာ၌ ကျင်းပပြုလုပ်ခဲ့သည်။ ထို ကွန်ဖ ရင့်ကို သီဟိုဠ်၊ တရုတ်၊ ဂျပန်နှင့် စစ်တကောင်းကိုယ်စားလှယ်များတက်ရောက်ကြသည်။

ဗုဒ္ဓဘာသာကွန်ဖရင့်ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဗုဒ္ဓဘာသာလက်ထဲပြန်ပေးအပ်ရန် အတွက် ဗုဒ္ဓဘာသာအဖွဲ့များက တညီ တညွတ်တည်း တောင်းဆိုသည်ဟု အစည်းအဝေး ဆုံးဖြတ် ပြီး အစည်းအဝေးဆုံးဖြတ်ချက်ကို အိန္ဒိယဘုရင်ခံထံ တင်ပြရန်ပြုလုပ်သော အစည်းအဝေးဖြစ် သည်။

ထိုအစည်းအဝေးမှ အောက်ပါဆုံးဖြတ်ချက်များချမှတ်ပေးခဲ့သည်။

၁။ ဗုဒ္ဓဂယာနယ်မြေအားလုံးနှင့် ဗုဒ္ဓဂယာစေတီကို ၀ယ်ယူရန် ဂျပန်ကိုယ်စားလှယ်မှ စိတ်အား
ထက်သန်စွာ ကူညီမည်ဖြစ်၍မဟန့်ဘုန်းကြီးထံသို့ကိုယ်စားလှယ်လွှတ်ပြီးစကားလှမ်းကြရန်။

၂။ ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓဘာသာနိုင်ငံများထံမှ ငွေကြေးအကူအညီ တောင်းခံပြီး ဗုဒ္ဓဂယာတွင်
ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတည်ဆောက်ရန်။

၃။ ဗုဒ္ဓပိဋကတ်ကျမ်းစာများကို အိန္ဒိယဘာသာပြန်ဆိုပြီး ဗုဒ္ဓသာသနာပြု လုပ်ငန်းကို ဆောင်
ရွက်ရန်တို့ဖြစ်ပါသည်။

အနာဂါရိကဓမ္မပါလသည် ဗုဒ္ဓဂယာကို ဗုဒ္ဓဘာသာလက်ထဲ အမြန်ရောက်ရေး ဆန္ဒဇော အားကြီးနေသဖြင့် ဗုဒ္ဓဘာသာကွန်ဖရင့်ကို အမြန်ခေါ်ခဲ့သော်လည်း ကိုယ်စားလှယ်များမှ အိန္ဒိယ နိုင်ငံအတွင်းရှိ တရုတ်၊ ဂျပန် ကိုယ်စားလှယ်များသာများသည်။

အနာဂါရိကဓမ္မပါလ၏ ထိုကွန်ဖရင့် အမြန်စီစဉ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ ထိုအ ချိန်က အိန္ဒိယဘုရင်ခံသည် တိုင်းနိုင်ငံ လှည့်လာပြီး ဗုဒ္ဓဂယာပြဿနာအကြောင်းကို ကိုယ်တိုင် လာရောက် လေ့လာမည်ဖြစ်၍ အစည်းအဝေးဆုံးဖြတ်ချက်ကို ဘုရင်ခံထံ ပေးအပ်ရန်အတွက် အ မြန်လုပ်ခြင်း ဖြစ်သည်။

အနာဂါရိကဓမ္မပါလသည် လုပ်ဆောင်ချက်တစ်ချက်မှားသွားသည်။ ဘုရင်ခံလာကြည့်ချိန် တွင် ဂျပန်ကကူညီမည်ဆိုသည်ကို ပေါ်လွင်စေလို၍ သာသနာ့အလံနှင့် ဂျပန်အလံကို ပူးတွဲစိုက်ထူ ထားမိသော အမှားဖြစ်သည်။

ဘုရင်ခံသည် ဂျပန်အလံကို မြင်ရသောအခါ ဘုရင်ခံက အစည်း အဝေးဆုံးဖြတ်ချက်ကို လက်မခံတော့သည့်ပြင် အနာဂါရိကဓမ္မပါလတို့ကိုလည်း တွေ့ဆုံခွင့် မပေးတော့ချေ။
(အချိန်က ဂျပန်က အာရှတိုက်ကို လွှမ်းမိုးအုပ်ချုပ်ရန် ခြေလှမ်းပြင်ဆင်နေသော အချိန်ဖြစ်သည်)

``ဤကိစ္စသည် မဟန့်၏ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်သည်။ သူပိုင်သောမြေကို အစိုးရက ကြားဝင်ပြီး ဗုဒ္ဓဘာသာလက်ထဲသို့ ပြန်လည်ရောက်ရှိရန် မဆောင်ရွက်ပေးနိုင်ပါ´´ ဟု ခါးခါးသီး သီးငြင်းဆိုတော့သည်။

သို့သော် အနာဂါရိကဓမ္မပါလနှင့် ကာနယ်အော့လကော့တို့သည် ဗုဒ္ဓဂယာ၌ သံဃတော် များထားခဲ့ပြီး အိန္ဒိယတစ်ပြည်လုံးအနှံ့လှည့်လည်ပြီး ဟိန္ဒူဘာသာဆက်နွယ်မှုကို အခြေခံပြီး ဟော ပြောစည်းရုံးလေသည်။

မဟာဗောဓိအသင်းကိုလည်း သီဟိုဠ်မှ ကာလကတ္တားသို့ ရွှေ့ပြောင်းခဲ့သည်။ မဟာဗောဓိ ဂျာနယ်ကို ကာလကတ္တား၌ ဆက်လက်ထုတ်ဝေသည်။ ထိုဂျာနယ်ကို ကိုယ်တိုင်အယ်ဒီတာ ကိုယ် တိုင်ထုတ်ဝေသူအဖြစ် အပင်ပန်းခံကာ ဒိုင်ခံလုပ်ပြီး ရိုက်နှိပ်ထုတ်ဝေခဲ့သည်။

သူ၏အရေးအသားသည် လူအများ၏ဆွဲဆောင်မှုကို အများဆုံးရခဲ့သည်။ သူတို့သည် အိန္ဒိယ တစ်ပြည်လုံးလှည့်လည်ဟောပြောပြီး ၁၈၉၃- ခု၊ ဖေဖော်ဝါရီ (၄) ရက်တွင် ဗုဒ္ဓဂယာသို့ ပြန်ရောက်လာသည်။ ဗုဒ္ဓဂယာဘူတာအရောက်တွင် ဖေဖော်ဝါရီလ(၃)ရက်နေ့က မဟန့်၏ ဘက် တော်သားများက ဇရပ်ကို ရောက်လာပြီး ဘုန်းကြီး(၄) ပါးကို ၀င်ရိုက်ကြောင်း အရှင်သုမင်္ဂလ ဒဏ် ရာရကြောင်း အရှင်ဇော်တိက တိုင်ပြောသည်။

ထိုအကြောင်းကို ကာနယ်အော့လကော့က အရေးပိုင်နှင့် ရာဇ၀တ်ဝန်ထံသို့ သွားရောက် တိုင်တန်းခဲ့သည်။ အရေးပိုင်က အရိုက်ခံရသော ဘုန်းကြီးက တရားလိုအဖြစ် အမှုဖွင့်နိုင်သော် လည်း အမှုမဖွင့်၍လည်းကောင်း၊ သက်သေမရှိ၍လည်းကောင်း အရေးယူ၍မရကြောင်း အရေးပိုင် က ပြောခဲ့သည်။

ထို့ပြင် ကာနယ်အောလကော့က မဟန့်ဘုန်းကြီးထံသွားပြီး ဗုဒ္ဓဂယာ မြေရောင်းဝယ်ရေး ကို သွားရောက်ဆွေးနွေးခဲ့သည်။ အင်္ဂလိပ်အစိုးရက ဂျပန်ချယ်လှယ်လာမှာကြောက်ပြီး မဟန့်ကို မရောင်းရန်တစ်ဘက်က နားသွင်းထား၍ မဟန့်ဘုန်းကြီးက ရောင်းဝယ်ရေးကို ခါးခါးသီးသီးငြင်း ပယ်တော့သည်။

ထိုအခါ အနာဂါရိကဓမ္မပါက ဂယာမြို့မှ ရှေ့နေတစ်ဦးကို ငှားရမ်း၍ ဗုဒ္ဓဂယာမြေအခြေအ နေကို ဆွေးနွေးခဲ့သည်။
``မဟန့်သည် ဗုဒ္ဓဂယာမြေကို သူပိုင်မြေဟု ပြောနေသော်လည်း စင်စစ်မဟန့်အပိုင်စားရ ထားသော နယ်မြေသည် မဟာဗောဓိမပါကြောင်း၊ မဟာဗောဓိရွာမဟုတ်ကြောင်း၊ သူအပိုင်စားရ ထားသောမြေမှာ မတ်စတီဘူရွာကိုသာ အပိုင်စားရထားတာဖြစ်ကြောင်း အစိုးရထံတွင် မြေသက် တမ်း လျှောက်ထားသော စာချုပ်မှာလည်း သက်တမ်းကုန်ခါနီးပြီဖြစ်ကြောင်း၊ စာချုပ်သက်တမ်း ကုန်က သူ့ကိုထပ်မပေးတော့ဘဲ ဗုဒ္ဓဘာသာလက်ထဲပြန်ပေးရန် ဥပဒေကြောင်းအရ လုပ်ခွင့်ရှိ ကြောင်း´´ ပြောသဖြင့် အနာဂါရိကဓမ္မပါလတို့မှာ အလွန်အားတက်သွားသည်။ ထိုမြေကိစ္စရရှိရေး အတွက် မြန်မာနှင့် ယိုဒယားတို့ကို ကိုယ်စားလှယ်လွှယတ်၍ အကူအညီတောင်းခဲ့သည်။ မြန်မာ ပြည်မှ ငွေလေးသောင်း အလှူခံရရှိခဲ့သည်။

ထိုအတောအတွင်း ၁၈၉၃- ခု၊ စက်တင်ဘာလွင် အမေရိကန်ပြည်၊ ချီကာကိုမြို့တွင် World, :arlioment of Religion ဆိုသော ကမ္ဘာလုံးဆင်ရာ ဘာသာပေါင်းစုံ ပါလီမန်ညီလာခံကို ကျင်းပသည်။ ထိုအစည်းအဝေးသို့ အနာဂါရိကဓမ္မပါလသည် သီဟိုဠ်ကိုယ်စားပြု တက်ရောက်ခဲ့ သည်။ ယင်းနှင့် အတူ ဗုဒ္ဓဓာတ်တော်တစ်ဆူနှင့် ငါးပါးသီလအကြောင်းရေးသားသော လက်ကမ်း စာစောင်ရွက်ရေ (၂၀.၀၀၀) သယ်ယူသွားခဲ့သည်။

အသွားတွင် အင်္ဂလန်သို့ ၀င်ခဲ့သည်။ အင်္ဂလန်မှ ဆာအက်ဒွင်အာနို အမှူးရှိသော ဗုဒ္ဓဘာ သာဝင်များက ကြိုဆိုပြီး ဗုဒ္ဓဘာသာပြန့်ပွားရေးကို ဆွေးနွေးသည်။ လန်ဒန်ပါဠိအသင်း မစ္စစ်ရိုင်ဒေ ဗစ်တို့နှင့်လည်း တွေ့ဆုံးဆွေးနွေးခဲ့သည်။

ဆာအက်ဒွင်အာနိုး၏ ဆောင်ရွက်ပေးမှုကြောင့် အိန္ဒိယနိုင်ငံဆိုင်ရာ ဗြိတိသျှ အတွင်းဝန် နှင့် တွေ့ဆုံပြီး ဗုဒ္ဓဂယာကိစ္စတင်ပြခဲ့သည်။ အိန္ဒိယအတွင်းဝန်ကလည်း ဘုရင်ခံထံမှ ဂျပန်အခြေအ နေသိထားပြီးဖြစ်၍ ထိုကိစ္စကို လက်ခံဆွေးနွေးခွင့် မပြုခဲ့ချေ။

စက်တင်ဘာလတွင် နယူးယောက်မြို့ ဘာသာရေးဆိုင်ရာ ကွန်ဖရင့်သို့ တက်ရောက်ခဲ့ရ သည်။ အနာဂါရိကဓမ္မပါလ၏ ဟောပြောမှု ကောင်းသောကြောင့် ကိုယ်စားလှယ်များက အံ့သြနှစ် သက်ကြသည်။ သတင်းစာများကလည်း ချီးကျူးရေးသားခြင်း ခံခဲ့ရသည်။

ညီလာခံက စက်တင်ဘာ(၂၇) ရက်နေ့ ပြီးခဲ့သည်။ ညီလာခံအပြီးတွင် အနာဂါရိကဓမ္မပါလ သည် ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုတွင်လည်းကောင်း၊ နယူးယောက်တွင်လည်း ဗုဒ္ဓ ဘာသာနှင့် ပတ်သက်သော တရားများကို ဟောပြောပြခဲ့ရာ အမေရိကန် ပြည်သူများအတွင်း၌ ဗုဒ္ဓ ဘာသာကို စိတ်ဝင်စားမှု တိမ်းညွတ်မှုများ ရှိလာခဲ့သည်။

နယူးယောက်မြို့သား Mr.C.T.Straus သည် အနာဂါရိက၏ တရားကို နာရပြီး ဗုဒ္ဓဘာသာ ကို စိတ်ဝင်စားပြီး ဓမ္မပါလထံတွင် ငါးပါးသီလခံယူခဲ့သည်။ အမေရိကန်မြေပေါ်တွင် ပထမဦးဆုံး ဗုဒ္ဓဘာသာခံယူသူဟူ၍ ကြေငြာခဲ့သည်။ အမေရိကန်တွင် ထေရ၀ါဒဗုဒ္ဓသာသနာ အုတ်မြတ်စတင် ခဲ့သူမှာ အနာဂါရိကဓမ္မပါလပင် ဖြစ်ပါသည်။

အမေရိကန်မှ အပြန်ဟာဝေယံကျွန်း၌ သင်္ဘောခေတ္တစိုက်သည်။ အမေရိကန်၌ အနာဂါရိ ကဓမ္မပါလ၏ အောင်မြင်မှုသတင်းကို ကြားရ၍ ဟာဝိုင်အီမှ Mrs Foster ဆိုသော ဟာဝေယံမင်း မျိုးနွယ် အမျိုးသမီးကြီးသည် ဓမ္မပါလကို လာရောက်တွေ့ဆုံပြီးနောက် ဓမ္မပါလအပေါ်အလွန်ကြည် ညိုသွားကာ ဓမ္မပါလကို လိုအပ်တာအကူအညီပေးခဲ့သည်။ ထိုအမျိုးသမီးကြီးသည် နောက်ပိုင်တွင် ဓမ္မပါလ၏ မွေးစားမိခင်သဖွယ်ဖြစ်သွားလေသည်။

ဓမ္မပါလတို့သည် ဟာဝိုင်အီမှတစ်ဆင့် ဂျပန်နှင့် တရုတ်သို့ ကူးပြီး သီဟိုဠ်သို့ပြန်ခဲ့သည်။ သီဟိုဠ်တွင် သူ၏မိသားစုက အမေရိကန်၌ အောင်မြင်မှုကို အနမ်းဖြင့်ကြိုဆိုခဲ့ကြသည်။

ဂျပန်သို့ ၀င်ခြင်းမှာ မဟာဗောဓိမြေ၀ယ်ရန် ဂျပန်မှ အကူအညီရရေးအတွက် ရန်ပုံငွေ ကောက်ခံရန် ၀င်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဂျပန်ပြန်မှထင်သလောက် မရခဲ့ချေ။ ဂျပန်မှ မတ်တပ် ရပ် ရုပ်ပွားဆင်းတုတော်တစ်ဆူသာ ဗုဒ္ဓဂယာတွင် ကိုးကွယ်ရန် ရရှိခဲ့သည်။

၁၈၉၆- ခုတွင် အမေရိကန်သို့ ဒုတိယအကြိမ်သွားရောက်ခဲ့သည်။ အမေရိကန်တွင် တစ် နှစ်ကျော်ကြာ နေထိုင်ပြီး ပထမဆုံးသော မဟာဗောဓိအခမ်းအနားကို အမေရိကန်တွင် ကျင်းပခဲ့ သည်။ လူပေါင်း(၄၀၀) ကျော် တက်ရောက်ခဲ့သည်။ ရုပ်ပွားတော်အနေကဇာတင်ခြင်း၊ ၃၇-ပါး သော ဗောဓိပက္ခိယ တရားများဟောပြောပြခြင်း၊ မင်္ဂလသုတ်ရွတ်ခြင်း စသော ထေရ၀ါဒယဉ်ကျေး မှုကို အမေရိကန်၌ အုတ်မြစ်ချပေးခဲ့သည်။

အနာဂါရိကသည် ဂျပန်မှအပြန် အိန္ဒိယပြည်သို့ ပြန်လာပြီး ဂျပန်ဆင်းတုတော်ကြီးကို မဟာဗောဓိစေတီတော် ဂန္ဓကုဋီတိုက် အပေါ်ထပ်ရှိ ပလ္လင်တွင် ထားရန် ရည်ရွယ်ခဲ့သည်။ ထို သတင်းပျံ့သွားပြီး မဟန့်ဘုန်းကြီးက အကြီးအကျယ်ကန့်ကွက်ခဲ့သည်။

၁၈၉၅-ခု၊ ဖေဖော်ဝါရီလ (၂၅) ရက်တွင် ထိုရုပ်ပွားတော်ကို သေတ္တာထဲထည့်ပြီး တိတ်တ ဆိတ် ဗုဒ္ဓဂယာသို့ ပင့်ဆောင်ခဲ့သည်။ မဟန့်၏ တပည့် မူဆလင်(၂) ဦးက သိရှိသွားပြီး မဟန့်ထံ သတင်းသွားပို့ သဖြင့် ပလ္လင်ပေါ်တင်ပြီးမှ ဘုရားကိုအောက်ပြန်ချပေးရန် မဟန့်တို့က တောင်းဆို သည်။ အနာဂါရိက မလိုက်နာသောအခါ ဘုရားကို မဟန့်တပည့်များက ဂန္ဓကုဋီတိုက်ပေါ်မှ အောက်သို့ပစ်ချကြသည်။ ဓမ္မပါလကိုလည်းတုတ်၊ ဓားတို့ဖြင့် ကြိမ်းမောင်းခြိမ်းခြောက် သွားကြ သည်။

ဗုဒ္ဓဘာသာပိုင်ဆိုင်သော ဗုဒ္ဓဘာသာဘုရားတွင် ဗုဒ္ဓဆင်းတုတော်ကို ထားခွင့်မရသဖြင့် ဓမ္မပါလသည် အလွန်ပင်စိတ်ထိခိုက်ကြေကွဲမိသည်။

ထိုကိစ္စနှင့် ပတ်သတ်၍ အင်္ဂလိပ်အစိုးရ မတရားပုံ၊ မဟန့်က ဗုဒ္ဓဘာသာအပေါ်သက်သက် မဲ့ စော်ကားခဲ့ပုံကို သိရှိသော ဂယာမြို့အရေးပိုင်အသင်းက ဓမ္မပါလကို တရားစွဲဆိုရန်တိုက်တွန်းခဲ့ သည်။ ဓမ္မပါလက တရားမစွဲ၊ သည်းခံခဲ့သည်။

ဓမ္မပါလသည် ထိုဂျပန်ဘုရားကို အပြင်သွယ်ယူပြီး မြန်မာဇရပ်၌ ထားခဲ့သည်။ မဟန့်က ဇရပ်ပေါ်တွင် ဗုဒ္ဓဘာသာ ဘုန်းကြီးနှင့် ဘုရားကိုမထားနိုင်ကြောင်း တရားစွဲဆိုသည်။ အင်္ဂလိပ် အစိုးရကလည်း မဟန့်တို့ဘက်မှ အကာအကွယ်ပေးခဲ့သည်။

မဟန့်တို့၏ ဗုဒ္ဓဘာသာအပေါ်၌ မတရားပုံကို သိရှိသော ဂယာမြို့ရှိ တရားရုံးမှ ဓမ္မပါလကို အနိုင်ပေးခဲ့သည်။ ထိုအခါ မဟန့်ဘုန်းကြီးတို့က ကာလကတ္တားအတက်ရုံးသို့ အယူခံဝင်ခဲ့သည်။ ကလကတ္တားဟိုက်ကုတ်က အောက်ရုံးအမိန့်ကို ပယ်ဖျက်ပြီး မဟန့်တို့ကို အနိုင်ပေးခဲ့သည်။ မဟန့် တို့က ငွေအင်အားပြည့်စုံပြီး ငွေအင်အားသုံးခဲ့သဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

၁၈၉၇-ခုမှစ၍ တရားစွဲဆိုမှုဖြစ်ပေါ်လာသော ဗုဒ္ဓဂယာစေတီတော် အမှုကိစ္စသည် သူတစ် ပြန်၊ ကိုယ်တပြန် တရားစွဲဆိုခဲ့ရာ နှစ်ပေါင်း (၄၀) နီးပါးမပြီးဆုံးဘဲ ရှိခဲ့သည်။

အနာဂါရိကဓမ္မပါလသည် ကာလကတ္တားဟိုက်ကုတ်မှ တရားရူ့းပြီး မင်းတုန်းမင်းဇရပ်မှ နှင့် ထုတ် ခံခဲ့ရသည်။
ထို့နောက် မကြာခင် ဗုဒ္ဓဂယာဒေသတွင် မြေ၀ယ်ပြီး မဟာဗောဓိ အသင်းတိုက်ကို တည် ထောင်ပြန်ခဲ့သည်။

ထိုမှတစ်ဆင့် အနာဂါရိကဓမ္မပါလသည် မြတ်စွာဘုရားဓမ္မစကြာ တရားဟောကြားရာ မိဂဒါ ၀ုန်သို့သွားရောက်ပြီး ထိုနေရာရှိ ၀က်မွေးသူများထံမှ မြေကိုဝယ်ယူပြီး အဆောက်အဦးဆောက် သည်။

ထိုအချိန်က ထိုနေရာသည် ရှေးဟောင်းဌာနမှ ပြန်လည်ရှာဖွေတွေ့ရှိ စအချိန်ဖြစ်သည်။ အသောကမင်း၏ အထိမ်းအမှတ်များသည် ကျိုးပဲ့ပျက်စီးနေပြီး ထိန်းသိမ်းမှုမရှိ ၀က်မွေးသူတို့၏ နေရာ ဖြစ်သေည်။ လူသူ အရောက်အပေါက်နည်းနေသောအရပ် ဖြစ်နေသည်။

ဓမ္မပါလသည် ထိုမိဂဒါဝုန် ဒေသ၌ မဟာဗောဓိအသင်းခွဲတစ်ခုကို ထပ်မံတည်ဆောက်ပြီး သီဟိုဠ်ဘုန်းကြီးများ ပင့်ကာ မိဂဒါဝုန်ပြန်လည်တိုးတက်စည်ပင်အောင်ပြု လုပ်ခဲ့သည်။

၁၉၀၂- ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ တတိယအကြိမ်သွားရောက်ပြီး တက္ကသိုလ်များ၌ တရားပွဲများပြုလုပ်သည်။ အမေရိကန်၌ သာသနာပြုလုပ်ငန်းအဆင့်မြင့်ခဲ့သည်။

ထို့ပြင် အနောက်နိုင်ငံ၏ ခေတ်မီသိပ္ပံပညာရပ်များကို စက်မှုလက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများကို လေ့လာခဲ့သည်။ သီဟိုဠ်သို့ ပြန်ရောက်သောအခါ သီဟိုဠ်နှင့် မိဂဒါဝုန်၌ ကျောင်းများတည်ထောင် ပညာပေးသာသနာပြုလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

၁၉၂၅- ခုတွင် အင်္ဂလန် နိုင်ငံသို့ ထပ်မံသွားရောက်ခဲ့သည်။ အင်္ဂလန်တွင် ပထမဆုံး တည် ထောင်ခဲ့သော အင်္ဂလန်ဗုဒ္ဓဘာသာအသင်းကြီးများ ရှင်အာနန္ဒမေတ္တယျ ပျံလွန်တော်မူပြီးနောက် ပျက်စီးယိုယွင်းလုနီးပါး ဖြစ်နေသည်။ ထိုအသင်းကို အားသစ်လောင်းနိုင်ရန်အတွက် သွားရောက် ခြင်းဖြစ်သည်။ အနာဂါရိကဓမ္မပါလသည် အင်္ဂလန် မဟာဗောဓိအသင်းကြီးအမည်ဖြင့် အသင်းခွဲ တစ်ခု တည်ထောင်ခဲ့သည်။

ထို့နောက်အရည်အချင်းပြည့်စုံပြီး ဟောပြောနိုင်သော သီဟိုဠ်သံဃာ သုံးပါးကိုပင့်ပြီး အင်္ဂ လန်တွင် ပထမဦးဆုံးဖြစ်သော ဗုဒ္ဓ၀ိဟာရကို တည်ထောင်နိုင်ခဲ့သည်။

ထိုကျောင်းတွင် တနင်္ဂနွေနေ့တိုင်း တရားဟောခြင်း၊ ဗုဒ္ဓဘာသာ သင်ယူလိုသော ပုဂ္ဂိုလ် များကို သင်ပေးခြင်း၊ တရားဆွေးနွေးခြင်း စသော သာသနာပြု လုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်။

ဓမ္မပါလသည် အင်္ဂလန်မှတစ်ဆင့် အမေရိကန်သို့ သွားပြီး မစ္စစ်ဖော့စတော့ ထံသသွားခဲ့ သည်။ ဂျပန်ပြည်တွင် သူတွေ့ခဲ့ရသောဘုန်းကြီးများဦးဆောင်သော စိုက်ပျိုးရေးကျောင်း၊ စက်မှု လက်မှုကျောင်းများကို သီဟိုဠ်တွင် ဖွင့်လှစ် ပေးပါက သီဟိုဠ်နိုင်ငံသားများ တိုးတက်လာမည်ကို သိရှိလာသည်။ သီဟိုဠ်တွင် ခေတ်မီ ပညာရပ်များ သင်ယူနိုင်ရေးအတွက် ကျောင်းများဖွင့်ရန် လို အပ်သည်။ ထိုကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ငွေရေးကြေးရေးလိုလာသည်။ ထိုအတွက် မွေး စားမိခင် မစ္စစ်ဖော့စတော့ ထံဝင်ခဲ့ခြင်းဖြစ်သည်။

မွေးစားမိခင် မစ္စစ်ဖော့စတော့က ကူညီသောငွေဖြင့် မိဂဒါဝုန်၌ စက်မှုလက်မှုကျောင်း ဖွင့် ပေးခဲ့သည်။ ဇာတ်နိမ့်များအတွက် ဘ၀တိုးတက်ရေးအတွက် အထူးကြိုးစားဆောင်ရွတ်ပေးခဲ့သည်

အိန္ဒိယမှ သီဟိုဠ်သို့ တစ်ဖန်ပြန်ပြီး သီဟိုဠ်တွင် အာနန္ဒာကောလိပ် တည်ထောင်ပေးခဲ့ သည်။ ထို့ပြင် စက်မှုလက်မှုကျောင်း၊ စိုက်ပျိုးရေးကျောင်းများ ဖွင့်လှစ်ပေးခဲ့ပြီး တစ်ဘက်က ဗုဒ္ဓ ဘာသနာပြုသလို သီဟိုဠ်လူငယ်များအဆင့် အတန်းမြင့်အောင် ဆောင်ရွက်ပေးခဲ့သည်။

မစ္စစ်ဖော့စတော့ကို ဂုဏ်ပြုသောအနေဖြင့် မစ္စစ်ဖော့စတော့အမည်ဖြင့် ဆေးရုံကြီးတစ်ရုံကို တည်ထောင်ပေးခဲ့သည်။

ဤကဲ့သို့ အနာဂါရိကဓမ္မပါလက တိုင်းပြည်တိုးတက်ရေးအတွက် လည်းကောင်း၊ ဗုဒ္ဓဘာ သနာပြန်လည် ထွန်းကားရေးအတွက်လည်းကောင်း၊ တစ်ဘက်က စိတ်ဓာတ်ကျနေသော သီဟိုဠ် သားများ၏ စိတ်ဓာတ်ကိုမြှင့်တင်ရေးတရားများဟောကြားပေးသဖြင့်လည်းကောင်း၊ အမျိုးသာဘာ သာသနာကြီးပွားရေးကို အားကြိုးမာန်တက် ဆောင်ရွက်နေခဲ့သည်။

ထိုအချိန်တွင် သီဟိုဠ်၌ စီးပွားရေးလက်ဝါးကြီးအုပ်နေသူများမှာ မွတ်စလင်များဖြစ်နေ၍ မွတ်စလင်များက အနာဂါရိကဓမ္မပါလကို မကျေနပ်ကြသိလို အနာဂါရိကဓမ္မပါလ ဂျပန်သို့ ခဏ ခဏ သွားနေသဖြင့် အင်္ဂလိပ်အစိုးရက ဂျပန်သူလျှိုဟု တင်မှတ်ထားသည်။ သီဟိုဠ်တွင် ဆူပူအုံ ကြွမှုများ ဖြစ်ပွားလာသောအခါ အင်္ဂလိပ်အစိုးရက ဓမ္မပါလကို ဖမ်းရန် ကြိုးစားကြသည်။ ထိုအချိန် တွင် ဓမ္မပါလဆွေမျိုးများကို ဖမ်းချုပ်သည်။ ဓမ္မပါလကို အပြစ်ပုံချကြကာ အိန္ဒိယတွင် ကာလ ကတ္တားမှာ လွဲ၍ ဘယ်မှမသွားရဟု အမိန့်ချကာ (၅) နှစ် ခြေချုပ်ချခဲ့သည်။

အနာဂါရိကဓမ္မပါလသည် ကာလကတ္တား၌ (၅) နှစ် ခြေချုပ်ချခံနေသော်လည်း သာသနာ ပြုလုပ်ငန်းကို အရှိန်မပျက်ဆက်လက်ဆောင်ရွက်ခဲ့သည်။ ကာလကတ္တား၌ မဟာဗောဓိအသင်း တိုက်ခွဲကြီးတစ်ခု ထပ်မံတည် ထောင်လုပ်ကိုင်ခဲ့သည်။ မိဂဒါဝုန်၌လည်း ဗုဒ္ဓသာသနာ ပြန့်ပွား အောင် ကြိုးစားဆောင်ရွက်နေခဲ့သည်။

မိဂဒါဝုန်တွင် ဂန္ဓကုဋီတိုက်ကြီးတစ်ခု တည်ဆောက်ပြီးသောအခါ မိဂဒါဝုန်မှာပင် ခေါင်းချ တော့မည်ဟု ဆုံးဖြတ်ချက်ချခဲ့ပြီး ၁၉၃၁- ခုနှစ်၊ ဇူလိုင်လတွင် သီရိဒေ၀စိတ္တဓမ္မပါလ ဘွဲ့အမည်ခံ ယူက ရှင်သာမဏေအဖြစ် သာသနာ့ဘောင်ဝင်ရောက်ခဲ့သည်။
ဓမ္မပါလသည် ရှင်သာမဏေပြုပြီးနောက် မိမိဆောက်လုပ်ခဲ့သော ဂန္ဓကုဋီတိုက်ကို ခမ်းနား စွာ ဖွင့်လှုစ်ခဲ့သည်။ ဤဖွင့်ပွဲတွင်တွင် အိန္ဒိယတစ်ပြည်လုံးဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားလာ အောင်လုပ်ကြရန်တိုက်တွန်းနှိုးဆော်သွားသည်။

ထို့နောက် အနာဂါရိကဓမ္မပါလသည် ကျန်းမာရေးအခြေအနေ အတော်ဆိုးလာသည်။ သို့ အတွက် သီဟိုဠ်မှ ဘုန်းကြီး (၁၂) ပါး ကြွလာပြီး မိဂဒါဝုန်တွင် ဓမ္မပါလကို ၁၉၃၃-ခု၊ ဧပြီလ (၂) ရက်နေ့တွင် ရဟန်းအဖြစ် သွတ်သွင်းပေးခဲ့သည်။ ရဟန်းဘွဲ့အမည်မှာ ဒေ၀မိတ္တဓမ္မပါလဖြစ်သည်။

သူ့အတွက် ဆေးကုသသည်ကို လက်မခံဘဲ ထိုငွေကို ဆင်းရဲသားများအား လှူရန်မိန့်ကြား သည်။

``ကျွန်ုပ်အမြန် သေပြီးအမြန် လူပြန်ဖြစ်ရပါလို၏။ အကြိမ်ကြိမ်လူပြန် ဖြစ်ရပြီး ဗုဒ္ဓဂယာ စစ်ပွဲကြီးကို အောင်မြင်အောင် တိုက်နိုင်ရပါလို၏´´

ဟု ဆုတောင်းခဲ့သည်။ ထိုနှစ် ဧပြီလ (၂၇) ရက်နေ့တွင် ဓမ္မပါလသည် ပျံလွန်တော်မူလေ သည်။ ဗုဒ္ဓသာသနာအတွက် လက်ထဲပြန်ရောက်ရေး အတွက် ရဲ့ရဲ့ဝံ့ဝံ့ကြိုးစားဆောင်ရွက် သာသ နာပြုသွားသော သီဟိုဠ်နိုင်ငံသား အနာဂါရိကဓမ္မပါလသည် ဗုဒ္ဓသာသနာ သမိုင်းတွင် သာသနာပြု သူရဲကောင်းတစ်ပါးအဖြစ် မှတ်တမ်းတင်ကျန်ရစ်ခဲ့သလို သူ၏ ကျေးဇူးကြောင့် ဗုဒ္ဓဂယာသည် ဗုဒ္ဓ ဘာသာတို့ ပြန်လည်ပိုင်ဆိုင်ခွင့်ရခဲ့သည့် မိဂဒါဝုန်သည် သာသနာ့အောင်မြေပြန်ဖြစ်ခဲ့ရသည်။ ဗုဒ္ဓ ဘာသာဝင်တို့အတွက် ကျေးဇူးကြီးလှသော အနာဂါရိကဓမ္မပင်ဖြစ်ပါတော့သည်။



မဟာသဒ္ဓမ္မဇောတိကဓဇ
တက္ကသိုလ် သျှင်သီရိ
(ဓမ္မာစရိယ ဘီ-အေ)



မှတ်ချက်။ ။ မိဂဒါဝုန် ရာပြည့်အောင် နှင့် ဂုဏပူဇာမဂ္ဂဇင်း မှ တင်ပြလိုက်ပါသည်။

0 comments:

Post a Comment